ကုရ်အာန်တွင်ဆို သော ဂေါဓမ္မမြတ်စွာ

အပ်စလာမို့ အလိုက်ကွန်းမ် မိတ်ဆွေများ

အစ္စလာမ်ဘာသာ ပေါ်ထွန်းလာမှာကို ဗုဒ္ဓက နှစ်ပေါင်းတစ်ထောင်ကျော် လောက်ကတည်းက ကြိုတင် ဟောကိန်းထုတ်ခဲ့တယ်ဆိုတဲ့ ဆောင်းပါးတစ်စောင်ကို တွေ့တာနှင့် မျှဝေခဲ့ပါတယ်။ အဲဒိလို မျှဝေရာမှာ ကုရ်အန်ထဲမှာ ဗုဒ္ဓနှင့် ပတ်သက်၍ ဖေါ်ပြထားတာရှိတယ်လို့ ရေးလိုက်ပါတယ်။ ရေးလိုက်ရတဲ့ အကြောင်းရင်းတစ်ခုက ဗုဒ္ဓဘာသာလူများစုတွေ နေထိုင်တဲ့ မြန်မာနိုင်ငံက မြန်မာမွတ်စလင်တွေအနေနှင့် ဗုဒ္ဓနှင့် အစ္စလာမ် ဆက်စပ်မှုကို ကြားသိထားသည့်အတိုင်း ရေးလိုက်ခြင်းဖြစ်ပါတယ်။ လူမျိုးနွယ်တိုင်းကို အလ္လာဟ်အရှင်က တမန်တော်များ စေလွှတ်ခဲ့သည်ဟု ကုရ်အန်က ဆိုသည်ဟုလည်း ကြားနာဖူးပါတယ်။ ဗုဒ္ဓကို ကုရ်အန်တွင် ဖေါ်ပြထားသည်နှင့် ပတ်သက်၍ လေးစားအပ်သော မိတ်ဆွေကြီးနှစ်ဦးက မေးခွန်းထုတ်လာပါတယ်။

ကျနော်သိသလောက်က ဘာသာအသီးသီးမှာ အယူအမြင် ကွဲပြားမှုတွေ ရှိပါတယ်။ အဲဒီအယူ အမြင်ကွဲပြားမှုအပေါ် အခြေခံပြီး ခရစ်ယာန်၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ ဂျူး စသည်တို့မှာ အစ္စလာမ်လိုဘဲ ဂိုဏ်းကွဲများ (Schools) ဖြစ်တည်လျက် ရှိပါတယ်။ တစ်ဂိုဏ်းထဲမှာပင် ဒေသအလိုက် ကွဲပြားမှုတွေ ရှိတတ်ပြန်ပါတယ်။

အခုကျနော် ဖေါ်ပြပေးမည့် အကြောင်းအရာနှင့် ပတ်သက်၍လည်း အစ္စလာမ် ဘာသာရေး ပညာရှင်များတွင် အမြင်မတူညီမှုတွေ ရှိနိုင်ပါတယ်။ ကျနော့အနေနှင့် တွေ့ရှိရခြင်းကို ဗဟုသုတအဖြစ် မျှဝေပေးခြင်းသာဖြစ်ပါတယ်။ လေ့လာထားတာ ဟုတ္တိပတ္တိမရှိ၍ လေ့လာထားတာကို တင်ပြခြင်း အလျဉ်း မဟုတ်ပါ။ ဘယ်လောက်မှန်တယ်။ မမှန်ဘူး။ ခိုင်မာတယ်။ မခိုင်မာဘူးဆိုတာကို အသေးစိတ် ပိုမိုသိရှိလိုပါက သက်ဆိုင်ရာ အစ္စလာမ်သာသနာ့ ပညာရှင်များကို ဆက်သွယ်မေးမြန်းနိုင်ကြပါတယ်။ မိမိ သိရှိထားသည်များ ရှိပါကလည်း ဖတ်ရှုလိုပါတယ်။

ဆရာ ဦးမောင်ကို ဂဖာရီ၏ Al-Nahdahပါ ဆောင်းပါးကို (မူလ မိတ္တူက အလွန်ဟောင်းနွမ်းနေပြီး ဖတ်ရန် ခက်ခဲနေသဖြင့်)
ကူးယူဖေါ်ပြပေးလိုက်ပါတယ်။ အင်္ဂလိပ်စာအားနည်းသော မိတ်ဆွေများ အလွယ်သိရှိနိုင်ရန် အဓိကကျသော အချက်အလက်အချို့ကို မြန်မာပြန်ပေးလိုက်ပါတယ်။

(Allama Yusuf Ali အပါအဝင်) ထင်ရှားကျော်ကြားသော အစ္စလာမ်သာသနာ့ ပညာရှင်များက ဂေါတမဗုဒ္ဓကို Surah Ambiya (21:85-86)နှင့် Surah Sad (38:48)ပါ Zul-Kifl, Man of Kappila (ဇွလ်ကိဖ်လ်, ကပ္ပိလမှ ပုဂ္ဂိုလ်ထူး)အဖြစ် သတ်မှတ် ဖေါ်ပြကြပါတယ်။ Maulana Manazir Ahsan Gilaniက Sabe-inသည် ဗုဒ္ဓဘာသာနိုင်ငံကို ရည်ညွှန်းသည်ဟု ဆိုခဲ့သည်။ Maulvi Abdul Haq Vidhyarthi နှင့် အခြားသြဇာကြီးမားသော အစ္စလာမ်သာသနာ့ ပညာရှင်အများအပြားက ဗုဒ္ဓမိန့်ကြားခဲ့သော နောက်ပွင့်တော်မူမည့် Ari-Metteya ဘုရား(မိမိ၏ ရန်သူကိုပင် မေတ္တာတရား ကြီးမားစွာ ထားနိုင်သောသူ) ဆိုသည်မှာ ကျွန်ုပ်တို့၏ နောက်ဆုံးတမန်တော်ကို ရည်ညွှန်းခြင်းသာဖြစ်ကြောင်း ရှင်းလင်းဖွင့်ဆိုကြသည်။

အချို့ပညာရှင်များက Surah At-Tin(95)ကို သဖန်းပင်ဟု ပြန်ဆိုရာတွင် ဗုဒ္ဓနှင့် အခြားသူတော်စင်များ တရားအားထုတ်သော ဗောဓိညောင်ပင်ကိုလည်း ဆိုလိုနိုင်ကြောင်း ဖွင့်ဆိုကြသေးသည်။

လေးစားစွာဖြင့်

အောင်တင်
အောက်တိုဘာ ၁၁၊ ၂၀၁၀

Twitter Delicious Facebook Digg Stumbleupon Favorites More